Taifreedom

ထိုင်း-သျှမ်း နယ်စပ်ရှိ ဒုက္ခသည် ၆၂၀၀ ကျော်မှ နိုင်ငံတကာအဖွဲ့အစည်းများထံသို့ စားနပ်ရိက္ခာ ဆက်လက်ထောက်ပံ့ပေးရန်တောင်းဆို

သျှမ်းပြည်နယ်အတွင်း နှင့် ထိုင်း-သျှမ်းနယ်စပ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် ၆၂၀၀ ကျော်ကို နိုင်ငံတကာ အဖွဲ့အစည်းများက စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးရန်  သျှမ်းပြည်စစ်ဘေးရှောင်ဒုက္ခသည် ကော်မတီ နှင့် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဆောင်တွင် သျှမ်းဒုက္ခသည်များနှင့် ပတ်သက်ပြီး တွေ့ဆုံပွဲဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်း-သျှမ်း နယ်စပ်တစ်ကြောရှိ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၆၂၀၀ ကျော်သည် တီဘီစီ အဖွဲ့အစည်းမှ ထောက်ပံ့နေသည့် အခြေခံ စားနပ်ရိက္ခာထောက်ပံ့မှုများ လာမည့် စက်တင်ဘာလ အထိသာ ထောက်ပံ့တော့မည်ဟု အကြောင်းကြားလာသောကြောင့် ထိုင်း-သျှမ်း နယ်စပ်ရှိ ကုန်းကျော် ၊ လွိုင်တိုင်းလျဲန်း ၊ ကောင်းမုန်မိန်း ၊ လွယ်ဆမ်ဆစ် ၊ လွယ်ကော်ဝမ်း နှင့် လွယ်လမ် အစရှိသည့် ဒုက္ခသည်စခန်းများမှ စစ်ဘေးရှောင်ဒုက္ခသည် ၆၂၀၀ ကျော်၏ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြကြောင်း ကုန်းကျော်စခန်း ကော်မတီဥက္ကဋ္ဌ လုံးစိုင်းလျန်းက ပြောကြားခဲ့သည်။

ထိုင်း-သျှမ်းနယ်စပ်ရှိ ဒုက္ခသည်များ နေထိုင်ရာ ဒုက္ခသည်စခန်းများမှာ တောကြို တောင်ကြားများတွင် တည်ရှိသဖြင့် လယ်ယာမြေစိုက်ပျိုးရန် အခက်အခဲရှိနေပြီး ယခုနိုင်ငံရေး အခြေအနေအရ နေရပ်သို့ ပြန်နို်င်ခြင်းမရှိသေးကြောင်း ၊ ဒုက္ခသည်စခန်းရှိ ကလေးငယ် များသည်လည်း အစာအာဟာရ ဖြစ်စေမည့် အစားအစာများ လုံလောက်စွာ မရရှိသည့်အပြင် ဒုက္ခသည်စခန်းရှိ ကျန်းမာရေးဆေးပေးခန်းများလည်း ဆေးဝါးများအခက်အခဲ ရှိလျှက်ရှိရာ နိုင်ငံတကာ အဖွဲ့အစည်းများမှ သျှမ်းဒုက္ခသည်များအား အခြေခံ စားနပ်ရိက္ခာထောက်ပံ့မှု ဖြတ်တောက်လျှင် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း ဒုက္ခသည်စခန်းများမှ စခန်းကော်မတီဝင်များက ပြောကြားခဲ့သည်။

အဆိုပါ သျှမ်းစစ်ဘေးရှောင်ဒုက္ခသည်များနှင့် ပတ်သက်ပြီး ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲကို၂၀၁၇ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၁:၃၀  နာရီအချိန်မှ ညနေ ၄:၀၀ နာရီထိ ပြုလုပ်ခဲ့ပြီး သျှမ်းဒုက္ခသည်များကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ထိုင်းနိုင်ငံရောက် သျှမ်းလူ့အဖွဲ့အစည်းများ ၊ တက္ကသိုလ်ဆရာ ဆရာမများ ၊ ကျောင်းသား ကျောင်းသူများ နှင့် ဒုက္ခသည်အရေးစိတ်ဝင်စားသူများ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အခက်အခဲကြုံတွေ့နေရသောကြောင့် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့က သျှမ်းပြည်နယ်အတွင်း ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းရန် ၊ လူသားချင်းစာနာမှု အကူအညီဆက်ပေးရန် ၊ ဒုက္ခသည် အခွင့်အရေးကို လေးစားရန် ၊ သျှမ်းပြည်နယ်အတွင်း အေးချမ်းတည်ငြိမ်ပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်သည်အထိ ထောက်ပံ့ကူညီမှုတွေ ဆက်လက်ရရှိရန် ဒုက္ခသည်စခန်း ၆ ခုမှ ဒုက္ခသည် ၆၂၀၀ ကျော် ဆိုင်းဘုတ်ကိုင်ကာ တောင်းဆိုခဲ့ရကြောင်း သိရသည်။

သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ထိုင်း-သျှမ်းနယ်စပ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များသည် ၁၉၉၆-၉၇ ခုနှစ်ကတည်းက အစိုးရတပ်မတော်၏ အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းမှု ၊ လူ့အခွင့်အရေးချိုးဖောက်မှု နှင့် မုဒိန်းကျင့် သတ်ဖြတ်မှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသည့်သူများ ဖြစ်ကြကြောင်း သိရသည်။

 

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း ထိုင်း-သျှမ်း နယ်စပ်ရှိ ဒုက္ခသည် ၆၂၀၀ ကျော်မှ နိုင်ငံတကာအဖွဲ့အစည်းများထံသို့ စားနပ်ရိက္ခာ ဆက်လက်ထောက်ပံ့ပေးရန်တောင်းဆို