Taifreedom

မိုင်းဖြတ်တွင် သတ္တုတူးဖော်မည့်အရေး ဒေသခံများစုပေါင်းကန့်ကွက်စာတင်

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် သတ္တုတူးဖော်မည့် ဩစတေးလျ  (Australia) သတ္တုတူးဖော်ရေးကုမ္ပဏီကို မိုင်းဖြတ်ဒေသခံများ စုပေါင်းကန့်ကွက်စာပေးပို့ခဲ့ကြောင်း သတင်းရရှိ။

ဩစတေးလျ သတ္တုတူးဖော်ရေး ကုမ္ပဏီက သတ္တုတူးဖော်မည့်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ မိုင်းဖြတ်မြို့နယ် ဟိုနားကျေးရွာအုပ်စု ဟိုနားကျေးရွာတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဦးစီးဦးဆောင်ကာ ဟိုနားကျေးရွာအုပ်စု ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသခံများက သတ္တုများ ရွှေများ တူးဖော်သည့်အခါတိုင်း ထိုဒေသတွင် နေထိုင်လျှက်ရှိသော ဒေသခံများသာ ဘေးအန္တရာယ်အမျိုးမျိုးရင်ဆိုင်ကြုံတွေ့နေရသည် သာမက သဘာဝပတ်ဝန်းကျင်နှင့် မြစ်ချောင်းများ တိမ်ကော ပျောက်ကွယ်သွားသည်အထိ ဆိုးကျိုးများဖြစ်ပေါ်စေပြီး သတ္တု တူးဖော်မှုမှ ရရှိသော ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ဒေသခံများ အလူးအလဲ ခံစားနေရ သောကြောင့် ထိုသတ္တုတူးဖော်မှုကို ကန့်ကွက်သည့် စာတွင် ဟိုနားကျေးရွာ အုပ်စု ဒေသခံများက စုပေါင်းလက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

ဩစတေးလျ သတ္တုတူးဖော်ရေး ကုမ္ပဏီက သတ္တုတူးဖော်မှုကြောင့် ဒေသခံများ၏ လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုရှိပါက ၁ ဧက လျှင် ၆ သိန်းကျပ် လျော်ကြေးပေးမည်ဟု ပြောကြားထားသော်လည်း ဒေသခံများက လက်မခံကြောင်း သိရသည်။


မိုင်းဖြတ်မြို့နယ်ရှိ ဝမ်ပုံကျေးရွာအုပ်စု ဝမ်ပုံကျေးရွာ ၊ နမ့်လန်းကျေးရွာအုပ်စု ပါပူးကျေးရွာ ၊ နမ့်လွန့်ကျေးရွာအုပ်စု နမ့်လွန့်ကျေးရွာ နှင့် ဝမ်ဟိုင်းကျေးရွာ စသည့် ကျေးရွာ ၄ ရွာ၌ သတ္တုများ ထွက်ရှိကြောင်း  သိရသည်။

ထို့အတူ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့၌ သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ် မိုင်းလင်းကျေးရွာအုပ်စု နားဟိုင်းလုံကျေးရွာတွင် မိုးဆက်တိုက်ရွာသွန်းပြီး ရွှေတူးဖော်နေသည့် တောင်ပေါ်မှ စွန့်ပစ်သည့် အညစ်အကြေးများ ၊ နှုန်းများ မိုးရေနှင့် ရောနှောပြီး နမ့်ခမ်းချောင်းအတွင်း စီးဝင်၍ ရေလျှံကာ နားဟိုင်းလုံကျေးရွာကို ရေလွှမ်းခဲ့သောကြောင့် ယခုဆိုလျှင် ကျေးရွာလမ်းများ ၊ မြစ်ချောင်းအနီးရှိ နေအိမ်များနှင့် အိမ်မွေးတိရိစ္ဆာန်အချို့ ပျက်စီးဆုံးရှုံးခြင်း စသည့် ရွှေတူးဖော်ခြင်း၏ ဆိုးကျိုးများကို ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း မိုင်းဖြတ်တွင် သတ္တုတူးဖော်မည့်အရေး ဒေသခံများစုပေါင်းကန့်ကွက်စာတင်