Taifreedom

မြန်မာနိုင်ငံနှင့် ကပ်ပါလာသော ပြည်တွင်းစစ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ဗြိတိသျှအင်္ဂလိပ်နယ်ချဲ့တို့ထံမှ လွတ်လပ်ရေး ရယူနိုင်ခဲ့သည်။ လွတ်လပ်ရေးမရခင် အချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့လက်အောက် နှင့် ဂျပန်လက်အောက်သို့ နှစ်ပေါင်းရာချီ နေထိုင်ခဲ့ကြရပြီး ဆင်းဆင်းရဲရဲဖြင့် ရပ်တည်လာခဲ့ကြရသည်။

ယင်းနောက် ၁၉၄၇ ခုနှစ်အရောက် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံသို့ သွားရောက်ကာ စစ်ပညာများ သင်ယူခဲ့ကြပြီး ဂျပန်နှင့်ပေါင်း၍ အင်္ဂလိပ်တို့ကို တိုက် ထုတ်ခဲ့သလို တဖန် ဂျပန်ကို တိုက်ထုတ်ခဲ့ကြသည်။ ထိုမှတဆင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရယူနိုင်ရေး အတွက် ကြိုးစားလာခဲ့ပြီး အင်္ဂလန်သို့ သွားရောက်ကာ အောင် ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ထို အောင်ဆန်း-အက်တလီ စာချုပ်တွင် ဗမာပြည် သီးသန့်ရယူမည်လော သို့မဟုတ် ဗမာမဟုတ်သော တိုင်းရင်းသားများဖြင့် ပူးတွဲရယူမည်လော ဆိုသည့်အချက် ပါဝင်ခြင်းကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားများ နှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့ချုပ်တို့ ညှိနှိုင်းဆွေးနွေးရန် လိုအပ်လာခဲ့သည်။

၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီတွင် ပထမအကြိမ် ပင်လုံညီလာခံကို ကျင်းပခဲ့ကြပြီး ဗမာမဟုတ်သော တိုင်းရင်းသားများသည် ဗမာ ပြည်မနင့်ပူးတွဲ၍ လွတ်လပ်ရေးရယူမည်လော သို့မဟုတ် မိမိတို့ ဘာသာ သီးသန့်လွတ်လပ်ရေးများ အသီးသီး ရယူကြမည်လော ဆွေးနွေးတိုင်ပင်ခဲ့ကြကာ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ ဒုတိယအကြိမ်ကျင်းပသည့် ပင်လုံညီလာခံ အစည်းအဝေးမှတဆင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် ရှမ်း၊ ကချင်၊ ချင်းမှ ခေါင်းဆောင်များ ဗမာပြည်မနှင့် ပူးတွဲကာ လွတ်လပ်ရေး ရယူနိုင်ရေး သဘောတူညီ ချက်များကို ချုပ်ဆိုခဲ့ကြသည်။

အဆိုပါ ပင်လုံကတိကဝတ် စာချုပ်ထဲတွင် ရှမ်း၊ ကချင်၊ ချင်းတို့မှ ဗမာပြည်မနင့် ပူးတွဲ၍ အချုပ်အခြာကင်းစင်ပြီး လွတ်လပ်သည့် သမ္မတနိုင်ငံတော်တစ်ခု ထူထောင်သွားရန် ၁၀ နှစ်တိတိ လက်တွဲကာ အဆင်မပြေမှုများ ရှိ်လာပါက ခွဲထွက်ခွင့်ရှိသည် ဆို သည့်အချက်ကို ထည့်သွင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ဗမာပြည်မ နှင့် တောင်တန်းဒေသတို့ ပူးတွဲလွပ်လပ်ရေးကို ရယူပြီး မြန်မာနိုင်င်ငံတော်ကို ထူထောင်လာခဲ့ကြသည်မှာ ယနေ့သမ္မတ ဦးထင်ကျော် လက်ထက်ပင် ရောက်ရှိလာခဲ့သည်။

သို့သော် ၁၀ နှစ်ပင် လက်မတွဲရသေးခင် ၁၉၄၉ ခုနှစ်မှာပဲ မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ် ဦးနု တာဝန်ယူ ဆောင်ရွက်နေစဉ် ဗမာမဟုတ်သော တိုင်းရင်းသားများသည် တန်းတူညီမျှ အခွင့် အရေးများ မရရှိခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ မရရှိခြင်း နှင့် ဗဟိုဦးစီးအုပ်ချုပ်ခြင်းတို့ကြောင့် မကြေမလည်မှုများ ဖြစ်ပေါ်လာကာ နောက်ဆုံး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်များကို ပုံဖော်၍ ထိုအချက်များ ရရှိရေးအတွက် တောင်းဆိုလာခဲ့သည်မှာ ယနေ့ အချိန်ထိပင် ဖြစ်သည်။

ဝန်ကြီးချုပ်ဦးနု လက်ထက် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီးနောက် ဦးနုအစိုးရ ဖြုတ်ချရေးအထိပင် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ကြရာမှ KNDO ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ၊ KNU တို့အပြင် တခြားသော လက်နက်ကိုင် အဖွဲ့များ တပြိုင်တည်း ပြည်နယ်နှင့်တိုင်းများကို တိုက်ခိုက် ထိန်းချုပ်လာခဲ့ကြခြင်းကြောင့် နောက်ဆုံး ဦးနုအစိုးရမှ ရန်ကုန်အစိုးရ ဟုပင် ခေါ်ဝေါ် သမုတ်သည်အထိ ဖြစ်စေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဦးနုအစိုးရ ဖြုတ်ချရေးအတွက် ရောင်စုံသူပုန်ထသည့်အချိန်မှာ ပြည်နယ် နှင့် တိုင်းများမှ မြို့၊ ရပ် ကွက်၊ ကျေးရွာများကို လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက် ထိန်း ချုပ်ထားခဲ့ကြပြီး ရန်ကုန်တိုင်း၊ အင်းစိန်အထိပင် ရောက်ရှိခဲ့ရာ ရန်ကုန်မြို့သာ ကျန်ရှိတော့သည့်အတွက် ဦးနုအစိုးရကို ရန်ကုန် အစိုးရဟု ခေါ်ဝေါ်သမုတ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ဦးနုအစိုးရ(ရန်ကုန်အစိုးရ)သည် ချင်းတပ် နှင့် ကချင်တပ်တို့၏ အကူအညီကို ရရှိခဲ့ခြင်းကြောင့် ရန်ကုန် ထိန်းချုပ်ခံရခြင််မရှိဘဲ နောက်ဆုံး ရောင်စုံသူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေများကိုပင် ပြန်လည်တိုက်ခိုက် ထိန်းချုပ်လာနိုင်ခဲ့သော သမိုင်းဖြစ်စဉ်များ ရှိခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်း ဖြစ်ပွားလာခဲ့သည့် ပြည်တွင််စစ်မှာ နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်လာခဲ့ပြီးဖြစ်ရာ ယနေ့အချိန်ထိလည်း မည်သည့်အချိန်မှ ပြည်တွင်းစစ်ကို ရပ်တန့်ရန် ဆောင်ရွက်နိုင်မည်လဲ ဆိုခြင်းမှာ မည်သူမှ မပြောနိုင်ကြပေ။

ယခင်အချိန်က မြန်မာနိုင်ငံသည် ဗြိတိသျှ နှင့် ဂျပန်တို့ လက်အောက်မှ နိုင်ငံသူ/သားများ လွတ်မြောက်ရေးအတွက် တိုက်ပွဲ (ဝါ) စစ်ပွဲများကို ဖန်တီး၍ တိုက်ယူလာခဲ့ကြသော်လည်း ယခု အခါတွင် မြန်မာနိုင်ငံသည် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများအတွက် ဒုတိယအကြိမ် လွတ်လပ်ရေး တိုက်ပွဲ (ဝါ) စစ်ပွဲ များ ဖြစ်သည်ဟု ပြောဆိုမှုများပင် ရှိလာပြီး ဗမာလူမျိုး ခေါင်းဆောင်များ အကြားမှာဖြင့် မိသားစုချင်း ရန်ဖြစ်ကာ အမွေတောင်းနေခြင််သာ ဖြစ်သည်ဟု ပြောဆိုနေကြပါသည်။

မည်သို့ပင်ဆိုစေ တိုက်ပွဲ (ဝါ) စစ်ပွဲ ဖြစ်ပွားပါက ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ကယား စသည့် လူမျိုးများအားလုံး ထိခိုက်သေကြေ ပျက်စီးကြရပြီး တိုင်းပြည်လည်း ဆင်းရဲတွင်း နစ်သထက် နစ်ပါသည်။

ခေါင်းဆောင်အသီးသီးက ပြောဆိုနေသော စကားများမှ တဆင့် ဖြစ်ပွားလာနေသော တိုက်ပွဲများကြောင့် အောက်ခြေလူထု စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်ပါသလား သို့မဟုတ် ပိုမို အခက်အခဲများ ဖြစ်နေပါသလား ဆိုခြင်းကို ပြန်လည်စဉ်းစား သုံးသပ်ရန် လိုအပ်မည် ထင်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဗမာမဟုတ်သော တိုင်းရင်းသား ခေါင်းဆောင်များက တန်းတူညီမျှမှု မရှိခြင်း၊ ကိုယ်ပိုင်ပြဌာန််ခွင့်မရှိခြင်း နှင့် ဗဟိုဦးစီးချုပ်ကိုင်နေခြင်းတို့ကြောင့် ယခုကဲ့သို့ လက်နက်ကိုင် တော်လှန် တိုက်ပွဲဝင်နေရခြင်း ဖြစ်ပါသည် ဆိုသည့်စကား နှင့် ဗမာတိုင်းရင်းသား ခေါင်းဆောင်များမှ မိသားစု အမွေတောင်းခြင်း ဖြစ်သည်ဟု ပြောဆိုမှုများအကြားက မတူကွဲ ပြားမှုများကို ဖြေရှင်းဆောင်ရွက်ရာမှာ  လူထုကို မထိခိုက် မနစ်နာစေရန် နှင့် စားဝတ်နေရေး အခြေအနေများ အခက်အခဲ မဖြစ်ရန် လိုအပ်ပါသည်။

ယခုအခါ ဖြေရှင်းဆောင်ရွက်မှုများက လူထု သေေကြပျက်စီးနေရပြီး အိုးအိမ် လယ်ယာမြေများကို စွန့်လွှတ်နေရသကဲ့သို့ အမျိုးသမီးများ အိမ်ထောင်ဦးစီးတာဝန်ကို လက်ပြောင်းရယူနေ ကြရပါသည်။ အလားတူ လင်သေ၊ မယားဆုံး အဖြစ်အပျက်များ နှင့် အားကိုးရာမဲ့ ဘဝများသို့ ရောက်ရှိသွားသော အခြေအနေများ ပေါ်ပေါက်နေခြင်းက မတူကွဲပြားနေသော ခေါင်းဆောင်များ အကြား ဖြေရှင်းဆောင်ရွက်နေသည့် နည်းလမ်းမှာ မှန်သည်ဟု မယူဆလိုပေ။

မိသားစုတစ်စုတွင် သားသမီး ၄ ဦးရှိမည်ဆိုပါက မိဘနှစ်ပါးသည် ပိုင်ဆိုင်မှုအဖြစ် ငွေအသပြာ ၁၀ဝ၀ သာ ရှိမည်ဆိုလျှင် တစ်ဦးလျှင် ငွေအသပြာ ၂၀ဝ စီခွဲဝေပေးမည်ဆိုပါက ငွေအသပြာ ၈၀ဝ တိတိ ရှိမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် မိဘနှစ်ပါးထံ၌ ငွေ အသပြာ ၂၀ဝ သာ ကျန်ရှိတော့မည်။ သို့သော် မိဘနှစ်ပါးသည် အသက်အရွယ် ကြီးရင့်လာပြီး ဖြစ်သည့်အတွက် စားဝတ်နေရေး အတွက် ကိုယ်တိုင် ရှာဖွေစားသောက်ရန် မစွမ်းဆောင်နိုင်တော့ပေ။ ကျန်ငွေအသပြာ ၂၀ဝ မှာလည်း ကျန်းမာရေး စောင့်ရှောက်မှု အတွက် အရံကိုင်ဆောင်ထားရန် လိုအပ်ပေသည်။

အဆိုပါ အခြေအနေတွင် သားသမီးများသည် မိဘနှစ်ပါးကို မည်သို့ ထောက်ပံ့ပေးကြမည်နည်း၊ မိဘနှစ်ပါးမှ ၎င်းတို့ရှိ ငွေ အသပြာ ၁၀ဝ၀ ကို သားသမီးများအတွက် ခွဲဝေပေးထားပြီးဖြစ်ရာ သားသမီးများက မည်သို့ပြန်လည်ဖေးမ ကူညီမည်နည်း၊ သို့မဟုတ် မိမိလိုချင်သည်ကို ရပြီး ဖြစ်သည့်အတွက် မိဘကို ပစ်ပယ်သွားမည်လား၊ ပစ်ပယ်သွားမည်ဆိုပါက မိဘနှစ်ပါးသည် စားဝတ် နေရေး အပါအဝင် ကျန်းမာရေး နှင့် လူမှုရေးစောင့်ရှောက်မှု၊ အကာအကွယ်ပေးမှု စသည့် အကြောင်းအရာများကို ရင်ဆိုင်ရတော့ပေမည်။

ထို့သို့ အခက်အခဲများ ကြုံတွေ့လာသည့်အချိန်တွင် မိဘနှစ်ပါးထံ၌ ငွေအသပြာ ၂၀ဝ သာ ရှိခြင်းကြောင့် မည်သို့မှ ဖြေရှင်း ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ သားသမီးများ၏ အကူအညီများကို လိုအပ်ပေသည်။

ယခု တိုင်းရင်းသားများအကြား ဖြစ်ပေါ်နေသော နိုင်ငံရေး ပြဿနာများကို ကြည့်မြင်မည် ဆိုပါကလည်း နိုင်ငံတော်တွင် ရှိနေသည့်အထဲမှ ခွဲခြမ်းစိတ်ဖြာလိုက်မည်ဆိုပါက ခွဲခြမ်းစိတ်ဖြာ၍ ရပေသည်။ သို့သော် မိခင်နိုင်ငံတော်ကြီးမှ ခွဲခြမ်းစိတ်ဖြာပေး လိုက်ပြီးနောက်ပိုင်း သားသမီးများ ကလည်း မိခင်နိုင်ငံတော်အပေါ် ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် လိုအပ်ပါသည်။

သို့မဟုတ်ပါက ရှိပြီးသား ပိုင်ဆိုင်မှုများ ကုန်စင်သွားမည် ဖြစ်သကဲ့သို့ စည်းလုံးညီညွတ်နေသော မိသားစုအသိုင်းအဝန်းလေးလည်း တစ်ကွဲတစ်ပြားစီ မခေါ်နိုင်မပြောနိုင် ဘဝများအဖြစ် နေထိုင်သွားကြရမည်ကိုဖြင့် မဖြစ်စေလိုပါ။

 

အိုက်စိုင်း

ဒီဇင်ဘာ ၁၇၊ ၂၀၁၆

ရိုးမအသံဂျာနယ် Vol.3, No.1 January 2017

primi sui motori con e-max
You are here: Home သတင်း ဆောင်းပါး မြန်မာနိုင်ငံနှင့် ကပ်ပါလာသော ပြည်တွင်းစစ်