Taifreedom

အမျိုးသမီးတွေကို ကြင်နာပါ

ကမ္ဘာ့စုစုပေါင်းလူဦးရေရဲ့ ၅၁ ရာခိုင်နှုန်းရှိသော အမျိုး သမီးတွေကို လေးလေးစားစားနဲ့ ကြင်နာစွာ ဆက်ဆံပါမှ လူ့ဘောင်သစ်ရဲ့ မေတ္တာတရားကို ဖော်ကျူးရာ ရောက်မှာပါ။ ယခင် သမိုင်းကြောင်း အဆက်ဆက်ကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီး တွေဟာ အနှိပ်စက်ခံ၊ လိင်အသုံးချခံ၊ အဖိနှိပ်ခံ၊ တဆင့်နိမ့်အနေ အထားများနဲ့သာ နေခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အခုထက်ထိလည်း တချို့သော နိုင်ငံတွေမှာ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားခြင်း၊ မျိုးရိုးအလိုက် ခွဲခြားခြင်း နဲ့ အမျိုးသား အမျိုးသမီး ခွဲခြားတဲ့ ထုံးတမ်းစဉ်လာတွေကို လက်ခံထားတဲ့ နိုင်ငံတွေ ရှိနေသေးတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာဆိုရင် မိန်းကလေးထက် သားယောက်ျားလေးကို ပိုမိုချစ်မြတ်နိုး တန်ဖိုးထားကြပြီး၊ သားယောက်ျားလေးဆိုရင် အမွေဝေစု ပိုမိုများများ ရတာမျိုး၊ ဘဝမှာ အခွင့်အရေးပိုမိုရတာမျိုးတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ အိန္ဒိယမှာ ဆိုရင်လည်း ဒီအတိုင်းပါပဲ။

ကုတ္ထိလိင်

မိန်းမ လို့ခေါ်တဲ့ အမျိုးသမီးတွေကို ကြည့်လိုက်မယ်ဆိုရင် ခန္ဓာဗေဒ ဖွဲ့စည်းပုံအရ အားနည်းတာက တစ်ကြောင်း၊ ရုပ်ပိုင်း ဆိုင်ရာမှာ ဆွဲဆောင်မှုတွေ ရှိတာက တစ်ကြောင်းကြောင့်ပေါ့လေ။ အမျိုးသားတွေရဲ့ အကြမ်းဖက်ခံရနိုင်မှု များနေတယ်။ ခန္ဓာကိုယ်က အားနွဲ့တော့ သာမာန်ယောက်ျားလေး တစ်ယောက်ဟာ မိန်းကလေး ၂ ယောက်လောက်ကို အနိုင်ကျင့်ဖို့ ဖြစ်နိုင်ပါတယ်။ နောက်ပြီး မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အနံ့အသက်တွေ၊ အမြင်အကြားအာရုံတွေကို ရရှိသွားတဲ့ ပုရိသတွေဟာ ဆိုရင်ဖြင့် မုန်ယိုသွားတဲ့ တောဆင်ရိုင်း တစ်ကောင်လိုပါပဲ။ လူသူကင်းတဲ့ ဆိပ်ကွယ်ရာအရပ်မှာဆိုရင် ချာတိတ်မလေး နဲ့ အဘိုး အိုကြီးတောင် ဖြစ်ချင်တိုင်း ဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဒါက မိန်းကလေးတွေရဲ့ အားနည်းချက် တစ်ခုပေါ့လေ။ ဒါတွေကြောင့်ပဲ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် တစ်ဆင့်နိမ့် ဝါဒနဲ့ အရာရာမှာ အောက်ကျ နောက်ကျနိုင်ခဲ့ရတာကြောင့် တန်းတူအခွင့်အရေး ရရှိရေးတွေ အခုခေတ်မှာ တောင်းဆိုလာကြတာပဲ ဖြစ်ပါတယ်။

မကျွေးနိုင်ရင် မပြပါနဲ့

ကျွန်တော့်အဘိုး ပြောဖူးတာ တစ်ခုရှိတယ်။ မကျွေးနိုင်ရင် မပြပါနဲ့တဲ့။ ငယ်ငယ်တုန်းက ကလေးငယ် ၂ ယောက်ရှိတယ်။ မ ဝိုင်းချစ်လေးက မောင်ဝတုတ်ကို ချောကလက်လေး ပြလိုက် တယ်။ ဒါက အနောက်တိုင်းကနေ လာတာပေါ့။ စားလို့ ဘယ်လိုကောင်းတာ၊ ဈေးကလဲ ကြီးတာပေါ့။ ချောကလက် ဆိုတာကို မြင်တော့ မစားဖူးတဲ့ မောင်ဝတုတ်ကလည်း စားကြည့်ချင်တယ်။ မြင်တော့လည်း မနေနိုင်ဘူးလေ။ မဝိုင်းချစ်လေးထံမှာ တောင်းစားတယ်။ မကျွေးဘဲ ထွက်ပြေးတော့ မောင်ဝတုတ်က စိတ်တိုပြီး လုစားလိုက်တယ်။ မဝိုင်းချစ်လေး ငိုပြီပေါ့။ သူ့မုန့်ကို လုစားခံရတဲ့အပြင် အနိုင်ကျင့်ခံလိုက်ရတယ်။ အဘိုးနဲ့ တိုင်ပြောတယ်။ ဒီအခါ အဘိုးက ဆုံးမတယ်။ မကျွေးနိုင်ရင် မပြရဘူးတဲ့။ မကျွေးနိုင်ဘဲ ပြလိုက်တော့ လုစားခံလိုက်ရတယ်။ မဝိုင်းချစ်လေးရဲ့ အပြစ်က လည်း တစ်ဝက်ပါနေတယ်။

ဒီလိုပါပဲ မိန်းကလေးတွေ အနေအထိုင် ဟော့ရမ်းတာ၊ ဒူးပေါ်ပေါင်ပေါ် ဝတ်စားဆင်ယင်တာ၊ အင်္ကျီလည်ဟိုက် ဖင်ကျယ် စကပ်တိုနဲ့ စတော်ကီ ဝတ်တာတွေ၊ မောင်နဲ့နှမ မိဘနဲ့သားသမီး အကြားအမြင်မတော်တဲ့ ဖော်ချွတ် ဝတ်စားဆင်ယင်မှုတွေကို ဆင်ခြင်သင့်တယ်လို့ အဘိုးက ပြောဖူးတာပါ။

အမျိုးသမီးတွေကို အကြမ်းမဖက်ဖို့ သင်လည်း တာဝန်ရှိတယ်

များသောအားဖြင့် အိမ်တွင်းအကြမ်းဖက်မှ်ဆိုတာ အိမ်ထောင်ရေးပြဿနာတွေကနေ စတင်တာပါ။ အိမ်တွင်းဖြစ်တဲ့ ပြဿနာတွေကို လူသိမခံဘဲ ကြိတ်ရှင်းရင်းနဲ့ တဖြည်းဖြည်း ကြီး ထွားလာတာ ဖြစ်တယ်။ အိမ်ထောင်ရေးပြဿနာကင်းတဲ့ အိမ်ဆိုတာ တစ်အိမ်မှ မရှိပါဘူး။ အိမ်တိုင်းပြဿနာဆိုတာ ရှိကြစမြဲပါပဲ။ ပိုက်ဆံချမ်းသာလည်းရှိတာပဲ၊ ဆင်းရဲသားလည်း စားဝတ်နေရေး ပြဿနာရှိတာပဲ။ ဒီတော့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ စဉ်းစားသင့်တယ်။

နောက်တစ်ချက် လူတွေ များသောအားဖြင့် မေ့နေကြတယ်။ ပြဿနာတွေကိုပဲ ချဉ်းကပ်နေကြတယ်။ တကယ်တမ်း ကိုယ့်အိမ် ဘေးမှာ လင်မယားချင်း ရန်ဖြစ်ကြပြီ ဆိုပါစို့၊ မိန်းမကို ရိုက်တာနှက်တာတွေ ပါလာပြီဆိုရင် ဘေးအိမ်တစ်ယောက် အနေနဲ့ ဘယ်လို ဖြေရှင်းမလဲ။ များသောအားဖြင့် လင်မယားချင်းပြဿနာ ဝင်မပါနဲ့ဆိုပြီး မသိမသာ နေလိုက်ကြတာပဲ။ ရပ်ကွက်လူကြီးကလည်း ခေါ်ရင်တောင် မလာတာ။ အလိုက်တသိနဲ့ လာပြီးဖြေရှင်းဖို့ ဝေးသေး၊ အမြဲတမ်း ဖြစ်နေကျပါပဲ။ အဲဒီနေရာမှာ သိလျက်နဲ့ ဝင်ရောက်ဖျန် ဖြေပေးခြင်း မရှိဘူးဆိုရင် မိမိကိုယ်တိုင်ကလည်း အလိုတူအလိုပါ တစ်ယောက် ဖြစ်နေပါတယ်။ ဆဲဆိုရင်းနဲ့ ကလေးငယ်ကို ရိုက်နှက်တာတွေ ပါလာရင် ပိုဆိုးပါတယ်။ ကိုယ့်ကလေးမို့ ကိုယ်ရိုက်တာ ဘာဖြစ်လဲကွာလို့ ရပ်ကွက်ကို အော်ဆဲလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကလေးက သူ့ကလေးဆိုတာတော့ မှန်တယ်။ ဒါပေမယ့် ဥပဒေအရ ကလေးသူငယ်ကို ညှဉ်းပန်းနှိပ်စက်ဖို့ အခွင့်အရေး သူ့ကိုပေးမထားလို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေ ထဲမှာလည်း အမျိုးသမီး နဲ့ ကလေးသူငယ်များဆိုင်ရာ ဥပဒေတွေမှာ အတိအလင်း ပြဌာန်းထားပြီး ဖြစ်ပါတယ်။ ကလေးသူငယ် နဲ့ အမျိုးသမီး တွေကို ရိုက်နှက်နေတာမြင်ရင် တတ်နိုင်သလောက် ဝင်ရောက် ကြားဝင် ဖြန်ဖြေပေးပါ။ ပြေလည်အောင် ရှင်းပြပါ။ မရတော့ဘူး ဆိုမှ သက်ဆိုင်ရာကို အကြောင်းကြားပြီးတော့ ဥပဒေကြောင်းအရ ဆက်လက်ဖြေရှင်းသင့်တယ် ဆိုတဲ့အကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။

ကမ္ဘာ့လူ့အခွင့်အရေးနေ့နဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ ဖြစ် ပေါ်လာပုံ အကျဉ်းချုပ်က ဒိုမီနီကန်ရီပါ့ပလစ် ရဲ့ သမ္မတဖြစ်တဲ့ Rafael Leonidas Trujillo Molina ဟာ သူ့ကို ဆန့်ကျင်တဲ့ ညီအမတွေကို ၂၅-၁၁-၁၉၆၀ မှာ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ညီအမတွေ သတ်ဖြတ်ခံရတဲ့ရက်ကို ယူပြီး သတ်မှတ်လိုက်တာဖြစ်တယ်။ နိုဝင်ဘာ ၂၅ ရက်ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ် တန့်ရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၅၄ ကြိမ်မြောက် အထွေထွေညီလာခံအရ သတ်မှတ်ခဲ့ပါတယ်။

ဖဲကြိုးဖြူလေးတွေ တပ်ဆင်ပြီး အမျိုးသမီးတွေကို အကြမ်းမဖက်တော့ပါဘူး၊ အကြမ်းဖက်မှုတွေကိုလည်း ဖြစ်နိုင်သမျှ ကာ ကွယ်တားဆီးပါ့မယ် ဆိုတဲ့ ကတိတွေနဲ့ ဖဲကြိုးဖြူတွေ တပ်ဆင်ကာ ဖဲကြိုးဖြူနေ့လို့လည်း ခေါ်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ဟာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ (Human Rights Day) ဖြစ်ပါတယ်။ လူ့အခွင့်အရေး ဆိုတဲ့ အတွေးအခေါ်က ယခင်က မရှိခဲ့ဘဲ ဒုတိယကမ္ဘာစစ်ပြီးမှ ပိုပြီး ခိုင်မာစွာ ပေါ်လာတာပါ။ ဂျာမနီနာဇီတွေက ဂျူးလူမျိုး ၆ သန်းကျော်ကို သတ်ဖြတ်ခြင်း၊ မသန်စွမ်းသူများကို သတ်ဖြတ်ခြင်းတွေက ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး လူ့အခွင့်အရေးဆိုတာ လေးစားရကောင်းမှန်း သိလာတာပါ။

ကမ္ဘာ့ကုလသမဂ္ဂက ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး၊ အဖွဲ့ဝင် နိုင်ငံပေါင်း ၅၆ နိုင်ငံက လက်ခံခဲ့ကြပါတယ်။

ယခုအချိန်မှာတော့ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံစည်းမျဉ်းများကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈၅ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ စည်းမျဉ်းတွေမှာ ထည့်သွင်းလာပြီ ဖြစ်ကာ မြန်မာနိုင်ငံကလည်း လူ့အခွင့်အရေး ကြေညာစာတမ်းကို သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါ တယ်။

ဒါကြောင့် နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ထိ ကာလ ကို ၁၆ ရက်တာ လှုပ်ရှားမှု ကာလအဖြစ် လူ့အခွင့်အရေး သမားတွေ နဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ (ဖဲကြိုးဖြူနေ့)များကို ကမ္ဘာပေါ်ရှိ နိုင်ငံအနှံ့အပြားမှာ ကျင်းပကြတာပဲ ဖြစ်ပါတယ်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေးနေ့ (နိုင်ငံတကာဖဲကြိုးဖြူနေ့)ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စိန်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံခန်းမ၌ နိုဝင်ဘာ ၂၅ ရက်တွင် အမျိုးသမီးအဖွဲ့အစည်း ၈ ဖွဲ့ စုပေါင်းကျင်းပခဲ့ပြီး၊ သဘောထား ကြေညာချက် ၇ ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောထား ထုတ်ပြန်ကြေညာချက်များမှာ- (၁) ငြိမ်းချမ်းရေး ဖြစ်စဉ်တိုင်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍပါဝင် မှုအား တိုးမြှင့်ဆောင်ရွက်သွားရန်၊ (၂) အမျိုးသမီးများ အခွင့်အရေး နှင့် လုံခြုံမှုကို အကာအကွယ်ပေးနိုင်သော ဥပဒေများ ရေးဆွဲပြဌာန်းပြီး လက်တွေ့ အသုံးပြုနိုင်ရန်၊ (၃) အမျိုးသမီး နှင့် ကလေး သူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ ဘဝရှင်သန်ရပ်တည်ရေးတို့ အတွက် အာမခံချက်ရှိသော ဘဝ တည်ဆောက်သွားရန်၊ (၄) အမျိုးသမီးများအပေါ် အမျိုးမျိုးသော အကြမ်းဖက်ခြင်း၊ ခွဲခြား ဆက်ဆံခြင်းများ လျှော့ချပြီး ရပ်တန့်သွားစေရန်၊ (၅) ဘာသာပေါင်းစုံ၊ အသင်းအဖွဲ့ပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်လျက် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း နှင့် မည်သည့်အကြမ်း ဖက်မှုမျိုးမဆို ရပ်တန့် အဆုံးသတ် လုပ်ဆောင်သွားရန်၊ (၆) သက်ငယ် မုဒိန်းမှုများအား ထိရောက်ပြင်းထန်စွာ အရေးယူပေးပါရန်၊ (၇) ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ပဋိပက္ခစစ်ပွဲများအား အမြန်ဆုံး ရပ်တန့်ပေးရန် ဖဲကြိုးဖြူနေ့ အခမ်းအနားမှ တောင်းဆိုလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် စုစုပေါင်း လူဦးရေ၏ ၅၁ ရာခိုင်နှုန်းခန့်ရှိသော အမျိုးသမီးထုတို့သည် ၃ ယောက်လျှင် ၁ ယောက်နှုန်း အိမ်တွင်း အကြမ်းဖက်ခံနေရကြောင်း၊ ၂၀၁၄ ခုနှစ် စစ်တမ်းများအရ အကြမ်းဖက်ခံရသူ အမျိုးသမီးများသည် ရှက်သဖြင့် တိုင်တန်းခြင်း ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း၊ ကျားမ တန်းတူရေးကွန်ယက်မှ မနန်းဖြူဖြူလင်းက ပြောကြားသည်။

“အမျိုးသမီး အကြမ်းဖက်ခံရမှု မရှိဖို့အတွက် လူကိုလူချင်း လေးစားတတ်ဖို့ လိုပါတယ်။ ကျားမ ခွဲခြားမှု မရှိအောင် ငယ်ငယ်ထဲက သင်ကြားပေးဖို့ လိုပါတယ်။ အိမ်ထောင်ရေး၊ မိသားစု အသိုင်း အဝိုင်းမှာကော၊ ဘာသာရေးအရကော ဘယ်သူက ပိုပြီးကြီးမြတ်တယ်ဆိုတာ မရှိဘဲနဲ့ လူသားတွေ အတူတူ လေးစားရမယ်။ စိတ်ဆင်းရဲအောင်  မလုပ်ရဘူး။ စိတ်ဆင်းရဲစေတာ အကြမ်းဖက်တာပဲ။ တရားဥပဒေလည်း အားကောင်းရမယ်။ တရားဥပဒေ အားမကောင်းရင် ဒီဥပဒေကို အသုံးပြုမှာ မဟုတ်ပါဘူး။ ပြောချင်တာက မိသားစုကစပြီး နိုင်ငံတော်အထိ အမျိုးသမီးတွေ အကြမ်းဖက်မှု လျှော့ကျဖို့ တာဝန်ကိုယ်စီ ရှိနေပါတယ်။” ဟု ကျားမ တန်းတူရေး ကွန်ယက်မှ မနန်းဖြူဖြူလင်းက ပြောကြားသည်။

“အကြမ်းဖက်ခံရတာ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက အများစု အကြမ်းဖက်ခံရတာပေါ့။ ဒါကြောင့် ၁၆ ရက်တာ လှုပ်ရှားမှုမှာ အမျိုးသမီးများ အကြမ်းဖက်ခံရမှု လျော့နည်းစေဖို့အတွက် ဆိုပြီးတော့ ဖဲကြိုးဖြူနေ့အဖြစ် လုပ်တာဖြစ်တယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ လူ့အခွင့်အရေးနေ့ ဖြစ်တဲ့အတွက် နိုဝင်ဘာ ၂၅ ရက် ကနေ ၁၆ ရက်တာ လှုပ်ရှားတာ ဖြစ်တယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ရှိပေမယ့် အသက်ဝင်မှု နည်းနေတယ်။ အခုဆိုရင် တွေ့နေရတယ်။ အမျိုးသမီးတွေ ခရီးသွားရင်း နှုတ်နဲ့ဖြစ်စေ အစော်ကားခံရတယ်။ အပြုအမူနဲ့ ဖြစ်စေ ဗွီဒီယိုဖွင့်ပြတာမျိုး။ နောက်ပြီးတော့ ကလေးသူငယ် တွေအပေါ် မုဒိန်းမှု ကျူးလွန်းနေတာမျိုး အမြဲကြားလာရတော့ စိုးရိမ်စရာ အခြေအနေ ဖြစ်တယ်။ ဒါကို ဘယ်လိုကာကွယ်မလဲ ဆိုတော့ တစ်ဦးတစ်ယောက်ထဲ မရတော့ဘူး။ မိဘတွေ၊ ပတ်ဝန်းကျင် ကိုယ်တိုင်ကလည်း သံသယစိတ်နဲ့ လိုက်ကြည့်ကာကွယ်ဖို့ လိုတယ်။ အမျိုးသမီးတွေချည်း လုပ်လို့ မရဘူး။ ကျောင်းတွေမှာ တစ်ခါထဲ သင်မလား။ သင်ကြားသင့်တယ်လို့ ဆရာမ ထင်တယ်”  ဟု ဆရာမ ဒေါ်မိုမိုသီတာ က ပြောကြားသည်။

“အကြမ်းဖက်မှု ဆိုတာ အိမ်တွင်းရေးက စတာပေါ့။ နိုင်ငံရေးထဲမှာ ဘယ်လောက်ပဲ တာဝန် ထမ်းဆောင်နေပါစေ။ မိသားစု မှာ အခွင့်မပေးရင် လုပ်လို့ မရဘူးပေါ့။ အဖွဲ့အစည်းတွေမှာ အမျိုး သမီးတွေ နေရာမပေးရင် အဆင်မပြေပါဘူး။ နိုင်ငံရေးမှာလည်း အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေတာကို တွေ့ရပါတယ်။ နိုင်ငံရေးမှာ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရတာတွေ ရှိနေပါတယ်”ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဒေါ်ဆွမ်မလေး က ပြောကြားသည်။

အကြံပြုချက်များ

နောက်ဆုံးအနေနဲ့ ပြောချင်တာက အမျိုးသမီးများ၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်း ဖော်ဆောင် ကျင့်သုံးရေး ဆိုင်ရာများကို အရပ်ဖက်အဖွဲ့အစည်း၊ လွှတ်တော် ကိုယ်စားလှယ်၊ အစိုးရအဖွဲ့များ ပြည်သူလူထုများ ကျယ်ကျယ် ပြန့်ပြန့် သိရှိအောင် လုပ်ဆောင်ဖို့ လိုနေပါကြောင်း၊ ထို့ပြင် အမျိုးသမီးများဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွန်းလာရေး နှင့် အမျိုးသမီးများ နှင့် ပတ်သက်သော ဥပဒေကြောင်းအရ ဥပဒေပုဒ်မများ ထုတ်နှုတ်ခြင်း၊ ပညာပေးခြင်း နှင့် အင်အားတောင့်တင်းသော ရှေ့နေအဖွဲ့တို့မှ အမျိုးသမီးများအရေးကို ဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်ခံ အမျိုးသမီးများ နင့် လိင်ထိခိုက်ခံ မိန်းကလေးငယ်များ နေထိုင်ရန် ဂေဟာများကိုလည်း ဆောက်လုပ်ကာ၊ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ယေဘူယျ အကြံပြုလိုပါတယ်။

မြန်မာနိုင်ငံမှာ တစ်ဝက်ကျော်တဲ့ အမျိုးသမီးတွေဟာ နိုင်ငံ ရေးမှာ ချန်လှပ်ခံရခြင်း၊ ခွဲခြားဆက်ဆံ ခံရခြင်း၊ တရားဝင် နိုင်ငံ ရေးဖြစ်စဉ်များ နဲ့ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့်ရရန် တားဆီးခံရခြင်း၊ လွှတ်တော်အတွင်း အမျိုးသမီးပါဝင်မှု အရေအတွက် နည်းပါးခြင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းကဏ္ဍတွေမှာ ပါဝင်မှု နည်းပါးနေခြင်းကြောင့် နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်များမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍ မြှင့်တင်နိုင်ရေးက အလွန်အရေးကြီးကြောင်း ယခုဆောင်းပါးနဲ့ သက်သေပြလိုက်ရပါတယ်။


ရွှင်လန်းကြပါစေ။
မေတ္တာဖြင့်
ကလောင် - အံ့ဘုန်းဈာန်
ဒီဇင်ဘာ ၁၇၊ ၂၀၁၆
ရိုးမအသံဂျာနယ် Vol.3, No.1 January 2017

primi sui motori con e-max
You are here: Home သတင်း ဆောင်းပါး အမျိုးသမီးတွေကို ကြင်နာပါ