Taifreedom

ရန်ကုန်သို့ ခရီးတစ်ခေါက်နှင့် ရှမ်းရိုးမအပေါ် အတွေးများ

ကျွန်တော်နေတာက အေးသာယာမြို့ပါ။ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရဲ့ အနောက်ဘက် ပြည်ထောင်စုလမ်းမကြီးနဲ့ သိပ်မဝေးတဲ့ နေရာပါ။ တောင်ကြီးမြို့နဲ့ အေးသာယာမြို့က ရှစ်မိုင်လောက်သာဝေးပြီး ကားနဲ့ မိနစ်နှစ်ဆယ်လောက် မောင်းရင်ရောက်ပါတယ်။

ကျွန်တော်ဟာ စာပေဆုတစ်ဆု ယူဖို့ (ကိုယ့်ကိုယ်ကို ဖော်တာမဟုတ်ပါ) ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ဆယ်ရက်တိတိ ရန်ကုန်မှာ နေထိုင်သွားလာ လှုပ်ရှားခဲ့ပါတယ်။ အဲဒီနောက် အေးသာယာမြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ပြီးတော့ အေးသာယာမြို့ကို  ဗဟိုပြုပြီး လူ့အရေး လူ့ကိစ္စအမျိုးမျိုးနဲ့ တောင်ကြီး၊ ဟိုပုန်း၊ ဆီဆိုင်၊ ညောင်ရွှေ၊ ကလော စတဲ့ မြို့တွေကို ရောက်ခဲ့ပါတယ်။ အဲဒီမြို့တွေမှာ နေထိုင်သွားလာ လှုပ်ရှားခဲ့တာတွေကို ဆိုလိုတာပါ။ အဲ့ဒီမှာတင် ကျွန်တော်ဆယ်ရက်တိတိ ရန်ကုန်မှာ နေထိုင်သွားလာလှုပ်ရှားခဲ့တာတွေနဲ့ တောင်ကြီး ပတ်ဝန်းကျင်ဒေသမြို့တွေမှာ သွားလာလှုပ်ရှားခဲ့တာတွေကို ပြန်ပြီး နှိုင်းယှဉ်တွေးဆ ကြည့်မိပါတယ်။ တောင်ကြီးဝန်းကျင်ဒေသကို ရှမ်းရိုးမဒေသတွေ ကိုယ်စား ကျွန်တော်မှတ်ယူလိုက်ပါတယ်။ အဲ့ဒီအခါ ကျွန်တော့ အတွေးစာစု ပုံရိပ်တွေ ထွက်ပေါ်လာပါတော့တယ်။

ရန်ကုန်မှာတုန်းက ကျွန်တော် ဒေါပုံ၊ သံလျင်၊ ကြည့်မြင်တိုင်၊ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ နဲ့ တောင်ဥက္ကလာပ မြို့နယ် တွေမှာ တစ်ညစီ လှည့်လည်အိပ်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမ အိမ်တွေမှာ ဖြစ်ပါတယ်။ ဟိုလူ့အိမ် အိပ်တယ်၊ ဒီလူ့အိမ်တော့ မအိပ်ဘူး၊ ဟိုလူက ပိုက်ဆံရှိလို့၊ ဒီလူကတော့ ဆင်းရဲလို့၊ ဟိုအိမ် က ကားရှိလို့၊ ဒီအိမ်ကတော့ ဘာမှမရှိလို့ စသဖြင့် ဆွေမျိုးတွေရဲ့ အပြောမခံချင်လို့ တစ်ညစီ လှည့်အိပ်ခဲ့တာပါ။ ဆွေမျိုးတွေက အဲ့ဒီလို ပြောဖူးရုံသာမက သူတို့အချင်းချင်းလည်းပဲ မသိမသာ သွေးကွဲနေပုံရလို့ပါ။

ဆိုတော့ကာ ရန်ကုန်ဝန်းကျင်အနှံ့  ကျွန်တော် ခြေကျင်တစ်မျိုး၊ ဘတ်စ်ကားတစ်မျိုး၊ ဆွေမျိုးတချို့အိမ်က ကိုယ်ပိုင်ကားနဲ့ တစ်မျိုး၊ ကိုယ်ပိုင်ကားမရှိတဲ့ ဆွေမျိုးတွေ စီစဉ်ပေးတဲ့ အဌါးကားနဲ့ တစ်မျိုး စသဖြင့် နေရာအနှံ့ ရောက်ခဲ့ပါတယ်။ တောင်ဒဂုံ၊ မြောက် ဒဂုံ၊ ဆိပ်ကမ်း၊ သာကေတ စတဲ့မြို့နယ်တွေကိုလည်း ရောက်ခဲ့ပါတယ်။

ပထမဆုံး ရန်ကုန်မြို့ရဲ့ နေရေးထိုင်ရေးကိစ္စကို ပြောပါမယ်။ ကြည့်မြင်တိုင်မြို့နယ် မြို့လယ်ခေါင်လို နေရာတွေမှာ အထပ်မြင့် အဆောက်အဦးတွေ အများအပြားရှိသလို တစ်အိမ်ချင်း တစ်ထပ်အိမ်ကလေးတွေလည်း ရှိကြပါတယ်။ အထပ်မြင့်အိမ်တွေက ပိုများပါတယ်။ ဒါပေမဲ့ ဘယ်အဆောက်အဦးကိုပဲကြည့်ကြည့် နေထိုင်တဲ့သူတွေကတော့ ပြွတ်သိပ်နေတာပဲ။ မိသားစုတွေအပြင် ဌါးရမ်းနေထိုင်တဲ့ သူတွေလည်း ရှိကြပါတယ်။ အဲဒီအိမ်တွေမှာ လူတွေ ပြွတ်သိပ်နေသလို အိမ်ချင်းကလည်း ကပ်ညှပ်နေကြပါတယ်။ ဘယ်နှစ်ထပ် ဘယ်နှစ်လွှာဖြစ်ဖြစ် ဘယ်လုံးချင်းအိမ်ဖြစ်ဖြစ် ကပ်ညှပ်နေတာပါပဲ။ အိမ်ထဲမှာ နေ့ခင်းကြောင်တောင် ဖြစ်ပေမဲ့ အလင်းရောင်သိပ်မရပါ။ ဒါကြောင့် နေ့ခင်းဘက် လျှပ်စစ်မီးဖွင့်ထားတဲ့ အိမ်တွေ ရှိကြပါတယ်။ ဒါပေမဲ့ အလင်းရောင် အပြည့်အဝ မရကြပါ။ တစ်ချို့ကတော့ လေအေးစက်တွေ တပ်ဆင်ဖွင့်ထားကြပါတယ်။ ဒါပေမဲ့ အသက်ရှုရတာ မဝပါ။ ပူလောင် အိုက်စပ်စပ်ဖြစ်သလို မွန်းကြပ်သလိုလို ခံစားရပါတယ်။ ရေကတော့ ချိုးဖြူကန်၊ လှော်ကားကန်၊ ဖူးကြီးကန်တို့က ဖြစ်ပြီး မြေအောက်ရေတွေလည်း ရကြပါတယ်။ ရေလုံလောက်မှု အတန်အသင့်ရှိပေမဲ့ တစ်ချို့အိမ် တွေမှာ ရေအခက်အခဲ ရှိကြပါသေးတယ်။ ရန်ကုန်က လုံးချင်းအိမ်တွေဟာ အထပ်မြင့်အိမ်တွေ ဖြစ်အောင် လုံးပန်းနေကြပါတယ်။ ကန်ထရိုက်တာတွေနဲ့ ညှိနှိုင်းနေကြသူတွေ တစ်ပုံတစ်ပင် ရှိကြတုန်းပါပဲ။ အခု ကျွန်တော်တင်ပြနေတာတွေက လူအများစုနဲ့ နေအိမ်အများစုတွေကို ဆိုလိုရင်း ဖြစ်ပါတယ်။ အိမ်ကြီးအိမ်ကောင်း တွေနဲ့ အစစအရာရာ ပြည့်စုံနေကြတဲ့ အထက်တန်းလွှာ လူနည်းစုတွေကို မဆိုလိုပါ။ 

ဆက်ပြီးတင်ပြပါရစေ။ လူတွေရဲ့ အရေးသုံးပါးဖြစ်တဲ့ စား၊ ဝတ်၊ နေရေးမှာ (ဒို့တာဝန် အရေးသုံးပါးနဲ့ မရောထွေးစေလိုပါ) နေရေးထိုင်ရေးဟာ အရေးကြီးဆုံး၊ ပဓာနအကျဆုံး ဖြစ်ပါတယ်။ နေရေးထိုင်ရေး မရှိပဲနဲ့ စားရေးရော ဝတ်ရေးရော ဘာမှလုပ်လို့ မရပါ။ လမ်းဘေး၊ လမ်းပေါ်၊ တံတားအောက်တွေနေပြီး စားရေး သောက်ရေး ဝတ်ရေးဆင်ရေးကို ဖန်တီးလုပ်ဆောင်လို့ မရပါ။ နေအိမ်ရှိပြီးမှသာ အဲ့ဒါတွေ လုပ်လို့ရပါတယ်။ စားတာက ဘာနဲ့စား စား ရပါတယ်။ လူမမြင်အောင် စားရင် ရပါတယ်။ ဝတ်တာကလည်း ဘာနဲ့ဝတ်ဝတ် ရပါတယ်။ လူမြင်သည့်တိုင် ဟန်နဲ့ပန်နဲ့ သူ့အိုး နဲ့သူ့ဆန် တန်ရာတန်ရာ ဝတ်လို့ ဖြစ်ပါတယ်။ "နေ" တာကျတော့ ဘာနဲ့နေနေ မရပါ။ အိမ်ရှိမှ ရပါတယ်။ မြေရှိမှ ရပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ လူဦးရေပေါက်ကွဲမှုကြီး ဖြစ်နေပါတယ်။ လက်ရှိလူတွေ ကနေ ပေါက်ကွဲထွက်နေသလို နယ်အသီးသီးက အသစ်သစ် ရောက်လာတဲ့ လူတွေရဲ့ ပေါက်ကွဲမှုတွေကလည်း ရှိနေပြန်ပါတယ်။ လူဦးရေပေါက်ကွဲမှုတွေကို ထိန်းချုပ်နိုင်တဲ့ အိမ်ယာတွေ လောလောဆယ် မရှိသေးပါ။ စီမံကိန်းအိမ်ယာတွေ ရှိပေမဲ့ ဆင်ပါးစပ် နှမ်းပက်သလောက်သာ ရှိပါတယ်။ ရန်ကုန်မြို့မှာ ဘယ်နေရာ သွားသွား လူအုပ်တွေသုတ်သုတ်နဲ့ လျှောက်လှမ်းနေကြပါတယ်။ ကားလမ်းတွေပေါ်မှာတောင် ဟိုတိုးဒီဝှေ့ ဟိုပတ်ဒီကွေ့နဲ့ အပြေးလျှောက်လှမ်းနေတဲ့ လူတွေလည်း ရှိပါတယ်။ လမ်းကြိုလမ်းကြား နဲ့ လူသွားစင်္ကြန်တွေပေါ်မှာလည်း လူတွေအပြည့်ပါပဲ။ အခုအခါမြို့ လယ်ခေါင်မှာသာ လူများတာ မဟုတ်ပါ။ နေရာတိုင်းမှာ လူပြည့် ကျပ်မှုတွေ အနည်းနှင့်အများ ရှိတာပါပဲ။ ကိုယ့်ကိစ္စနဲ့ကိုယ် ရုန်း ကန်လှုပ်ရှားနေရကြရတဲ့ ရန်ကုန်မြို့သူမြို့သားများပါတကား။

ကျွန်တော်ဟာ ရန်ကုန်မှာ ခြေကျင်၊ ဘတ်စ်ကား၊ ကိုယ်ပိုင်ကား၊ အဌါးကားတွေနဲ့ လျှောက်သွားခဲ့တယ်လို့ ပြောပြီးပါပြီ။ ဘယ်ကိုပဲသွားသွား ကားတန်းရှည်ကြီးတွေ ရပ်ရပ်ပြီး စောင့်စောင့်နေ တာတွေကို အနှံ့အပြားတွေ့ခဲ့ပါတယ်။ ကားကြပ်ညှပ်မှုကြီးတွေပါ။ မြို့ထဲမြို့ပြင်နဲ့ ရန်ကုန်ဝန်းကျင်မှာ ကားရှင်းနေတယ်ဆိုတာ မရှိပါ။ မတွေ့ပါ။ တချို့ဘတ်စ်ကားဆရာတွေ ခဏခဏ ကားကျပ် ညှပ်နေတာတွေကြောင့် သတင်းစာဂျာနယ် တစ်ချို့ကိုတောင် ဇိမ် နဲ့ဖတ်နေကြတာကို တွေ့ရပါတယ်။ စာဖတ်သူဦးရေ တိုးပွားအောင် လုပ်နေတာများလား။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုတာကို လက်တွေ့ပြသနေတာလား။ ကျွန်တော့အတွေးတွေ ဘေးထွက်သွားလို့ ပြန်တည့်မတ်ပါ့မယ်။ အင်း… ကားမောင်းသံ၊ ကားဟွန်းသံ၊ စက် သံ၊ လူတွေ ညည်းတွား ရေရွတ် ဆူညံဆဲဆိုသံတွေနဲ့ ပြည့်နှက်နေ တာဟာ ရန်ကုန်ကားလမ်းတွေရဲ့ သဘာဝပေပဲလား မသိတော့ပါဘူး။ ညဘက်ကျတော့လည်း ကားထားစရားနေရာ မရှိကြလို့ လူတွေသွားလာနေထိုင်တဲ့ ရပ်ကွက်လမ်းတွေထဲမှာ (အထူးသဖြင့် အထပ်မြင့်တိုက်တွေရဲ့ အောက်တွေမှာ) ကားတွေ အလုအယက် ထားကြရာက စကားများ ရန်ဖြစ်တာတွေ၊ ကားပစ္စည်း အခိုးခံရတာ တွေကလည်း တစ်မှောင့်ပါပဲ။

အင်း… ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်ဖြစ်လို့ လူတွေများမယ်။ စာရင်းတစ်ခုအရ လူခုနှစ်သန်းကျော် ရှိပါတယ်။ ကားတွေ ယာဉ်တွေ များမယ်။ စာရင်းတစ်ခုအရ ယာဉ်အစီးရေ သုံးသိန်းလောက် ရှိပါတယ်။ စက်ရုံအလုပ်ရုံတွေလည်း ရှိမယ်။ ဒါတွေကနေ ထုတ်လွှတ်တဲ့ ကာဗွန်ဓာတ်တွေလည်း လေထုထဲမှာ ပျံ့နှံ့များပြားမယ်။ ဒီတော့ သဘာဝ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှာပါပဲ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အခုအခါ လေထုအရည်အသွေး စစ်ဆေးရေးစက်တွေနဲ့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ လေထုအရည်အသွေး အညွှန်းကိန်း (Air Quality Index) ငါးဆယ်ကျော်လို့ရှိရင် လေထုညစ်ညမ်းမှု စတင်ပြီလို့ သုတေသီတွေက ဆိုထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နဲ့ အိန္ဒိယ နိုင်ငံ မြို့ကြီးပြကြီးတွေမှာ လေထုညစ်ညမ်းမှု (Air Pollution) တွေကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာကို သတိပြုကြရပါလိမ့်မယ်။ အဲ့ဒီလေထုညစ်ညမ်းမှုက တစ်ဆင့် ကျန်းမားရေးနဲ့ဆိုင်တဲ့ ပြဿနာတွေဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာရောဂါတွေကို ပြေးမြင် ပြေးသိကြရပါလိမ့်မယ်။

တကယ်တော့ ရန်ကုန်မြို့ကြီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က ထက် လူဦးရေတွေ အဆမတန် တိုးပွားလာသလို ကားတွေ ယာဉ်တွေကလည်း အဆမတန် တိုးပွားလာတာပါ။ လူဦးရေရော မော်တော်ယာဉ်တွေပါ ပေါက်ကွဲမှုကြီး ဖြစ်လာတာပါ။ ကျွန်တော် ၂၀ဝ၅ ခုနှစ် စာပေဆု တစ်ခု လာယူတုန်းက (ဒါလည်း ကိုယ့်ကိုယ်ကို ဖော်တာမဟုတ်ပါ) ဒီလောက်ထိ လူတွေကားတွေ မကျပ်ညှပ်သေးပါ။ အိမ်တွေ မိုးထိအောင် လှေကားမထောင်သေးပါ။ မြင်ကွင်းတွေ မရှုပ်ထွေးသေးပါ။ အသံဗလတွေ မဆူညံသေးပါ။ အနံ့အသက်တွေ မမွမ်းမကျပ်သေးပါ။ အခုတော့ အားလုံးအခြေအနေတွေ ပြောင်းကုန်ပြီ ဖြစ်ပါတယ်။  သတင်းစာတစောင်ရဲ့ အဆိုအရ ဆယ်စုနှစ်အတွင်း ရန်ကုန်မြို့ဟာ ဆောင်းအခါ ဆီးနှင်းကျဆင်းမှု နည်းပါးလာကြောင်း၊ မိုးအခါ မုတ်သုံအဝင် နောက်ကျပြီး မိုးရွာသွန်းမှု နည်းပါးလာကြောင်း၊ နွေအခါမှာလည်း ပိုပြီးပူပြင်းလာကြောင်း ဖတ်လိုက်ရပါတယ်။

အင်း… ရိုးရိုးသားသား ပြောရမယ်ဆိုရင် ရန်ကုန်မြို့ဟာ ကျွန်တော့ ဇာတိချက်ကြွေ မွေးရပ်မြေပါ။ ဒါပေမဲ့ အခု ကျွန်တော် စိတ်ကုန်သွားပါတယ်။ စိတ်ဖိစီးမှုတွေ ခံစားရပါတယ်။ အချစ်တွေ ပေါ့သွားခဲ့ပါတယ်။ ရန်ကုန်မြို့ကြီးကို စီမံခန့်ခွဲနေတဲ့ တာဝန်ရှိသူတွေ အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေကြတာကို သိပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေရဲ့ စီမံလုပ်ဆောင်မှုတွေဟာ လူဦးရေပေါက်ကွဲမှုကြီးနဲ့ ကားတွေယာဉ်တွေ  ပေါက်ကွဲမှုကြီးကို ကျော် လွန် မလုပ်ဆောင်နိုင်သေးဘူးလို့ သုံးသပ်မိပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော် အေးသာယာမြို့ကို ပြန်ရောက်တော့ ကိုယ့်အိမ်မှာ လေတွေရှူရတာ အားရလိုက်တာ။ လေဝင်လေထွက် ကောင်းလိုက်တာ။ တစ်ဝတစ်ပြဲ လေတွေရှုရှိုက် ထုပ်လုပ်နေမိပါရဲ့။ အိမ်အပြင်မှာလည်း လတ်ဆတ်အေးမြတဲ့ အတို့အထိ အတွေ့တွေကြောင့် နိုးကြားတက်ကြွ လန်းဆန်းခဲ့ရပါတယ်။ လူငယ်တွေကြား ပြောပြောနေတဲ့ သိပ်လန်းတာပဲ ဆိုတဲ့ စကားကို အခုမှ သဘောပေါက်သလိုလို ဖြစ်မိပါတယ်။

ဆက်ပြီးတင်ပြပါရစေ။ အေးသာယာ ကျွန်တော့အိမ်မှာ နေ့ခင်းကြောင်တောင် ဘယ်လျှပ်စစ်မီးမှ မထွန်းရပဲ လင်းရှင်းနေတာပဲ။ ကောင်းကင် ပြာပြာကြီးပါပဲ။ ကားတွေ ယာဉ်တွေကလည်း ရပ်ကွက်ထဲမှာ နာရီဝက်လောက်မှ တစ်စီးတစ်လေ ဖြတ်ဖြတ် မောင်းသွားကြပါတယ်။ လမ်းမကြီးတွေပေါ်မှာတော့ အနည်းအပါး သွားသွားလာလာ ယာဉ်တွေရှိပါတယ်။ ဒါပေမဲ့ ကျပ်ညပ် စီတန်းနေတာတွေ မရှိပါဘူး။ ကားသံလူသံတွေလည်း ပြောပလောက် အောင် မဆူညံကြပါဘူး။ မြို့တော် တောင်ကြီး၊ လားရှိုး နဲ့ ကျိုင်းတုံမြို့ကလွှဲလို့ တခြား ရှမ်းပြည်နယ် ရှမ်းရိုးမက မြို့တွေမှာ လူတွေရှင်း ကားတွေရှင်း နေအိမ်တွေလည်း ကျဲပါး ရှင်းလင်းတုန်းပါပဲ။ တောင်ကြီးမှာ တောင်မြို့မဈေး ပတ်ဝန်းကျင်၊ မြန်မာ့စီးပွားရေး ဘဏ်တစ်ဝိုက်၊ တောင်ကြီးတက္ကသိုလ်သွား အနောက်မြို့ပတ် လမ်းနဲ့ အရှေ့မြို့ပတ်လမ်းနဲ့ ကျောင်းကြီးစု အနီးနားတွေမှာသာ အတန်းငယ် ရှုပ်ထွေးနေတာပါ။ လူနဲ့ယာဉ်တွေကို အဓိက ဆိုလိုတာပါ။ ဒါလည်း ရန်ကုန်မြို့၊ ပဲခူး၊ မော်လမြိုင်၊ ပုသိမ်၊ မန္တလေး၊ မကွေး စတဲ့ တိုင်းမြို့တော်တွေနဲ့စာရင် မဖြစ်စလောက်ပါ။ အများ ကြီး ကျေနပ်နိုင်စရာ အကြောင်းရှိပါတယ်။ ရှမ်းရိုးမတောင်တန်း ကြီးတွေအပေါ် ခြုံငုံကြည့်ရင် နေစရာထိုင်စရာတွေ သွားလာ လှုပ်ရှားစရာတွေ ပေါမှ ပေါပါ။ များမှ များပါ။ အားလုံး အဆင်ပြေ ချောမွေ့နေတယ်လို့ ပြောရမှာပါ။ ကျွန်တော်ကတော့ ကျွန်တော် နေထိုင်တဲ့ အေးသာယာမြို့ကို ချစ်သလို၊ ရှမ်းရိုးမဒေသကြီးကိုလည်း ပိုလို့ပိုလို့ ချစ်နေမိပါတယ်။ ကျွန်တော့ ဇာတိချက်ကြွေ မွေးရပ်မြေ ရန်ကုန်မြို့ကြီးကို အချစ်တွေ ပေါ့သွားသလို ဖြစ်မိပေမဲ့ ရှမ်းရိုးမကြီးကိုတော့ ပိုလို့ပိုလို့ ချစ်ခင်တွယ်တာနေမိပါတော့တယ်။

အဆွေ စာရှုသူများ ခင်ဗျား။ အထူးသဖြင့် ရှမ်းရိုးမဒေသနေ မိတ်ဆွေများခင်ဗျား။ ကျွန်တော့အတွေးစာစုတွေ ဖတ်ပြီး ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အိမ်ယာနဲ့ ကိုယ့်သဘာဝ ပတ်ဝန်းကျင်တွေကို ချစ်ခင်မြတ်နိုး တန်ဘိုးထားတတ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ တခြားပြည်နယ် နဲ့ တိုင်းတွေက မိတ်ဆွေတွေ ကတော့ မုဒိတာတရားများ လက်ကိုင်ထားကြပြီး မျှဝေခံစားပေး နိုင်ကြပါစေလို့ ထပ်မံဆန္ဒပြုလိုက်ပါတယ်။

ရဲဘော် မြသိန်း (ဟိုပုန်း)

ဖုန်း - ဝ၉ ၄၂၈ ၃၄၇ ၄၆၇

ရိုးမအသံဂျာနယ် Vol.3 , No.1 January 2017

primi sui motori con e-max
You are here: Home သတင်း ဆောင်းပါး ရန်ကုန်သို့ ခရီးတစ်ခေါက်နှင့် ရှမ်းရိုးမအပေါ် အတွေးများ