Taifreedom

အစွန်းရောက် အမျိုးသားရေးဝါဒအား စွန့်ပယ်ကြစို့

ကမ္ဘာ့နိုင်ငံအသီးသီးတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စု တိုင်းသည် မိမိတို့၏ အမျိုးသားရေးဝါဒအား အခြေခံကာ နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်နေကြပေသည်။ တိုင်းရင်းသားမျိုးနွယ်စုတို့သည် ယင်းတို့၏ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအား ကမ္ဘာတည်တံ့နေသရွေ့တည်ရှိခိုင်မြဲစွာ ရပ်တည်နေနိုင်ရေး အတွက် ခိုင်မာသည့် ဇွဲလုံ့လ ဝိရိယတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကာ ရပ်တည်လျက် ရှိကြပေသည်။ 

ထိုသို့ နေထိုင်စဉ်တွင် အမျိုးသားရေးဝါဒသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပေသည်။ ထိုအမျိုးသားရေးဝါဒဖြင့်သာလျှင် မိမိနိုင်ငံ လူမျိုးအတွက် ကောင်းရာ ကောင်းကြောင်း ရရှိပိုင်ဆိုင်နိုင်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်လျှက် ရှိကြပေသည်။ ဤနေရာတွင် လူမျိုးနွယ်စုတစ်စုသည် အခြားသော မျိုးနွယ်စုများအပေါ် ဖိနှိပ်ခြင်း၊ အနိုင်ကျင့်ခြင်း ဟူသည့် အစွန်းရောက်အမျိုးသား ရေးဝါဒ (Radical Nationalism)သို့ ဦးတည် ရောက်ရှိသွားခြင်း မရှိစေရန် အထူးဂရုပြုရမည် ဖြစ်ပေသည်။

အစွန်းရောက်အမျိုးသားရေးဝါဒ (Radical Nationalism)သည် ပညာရပ်တစ်ခု အနေဖြင့်ဖြစ်စေ၊ Ideology အနေဖြင့်ဖြစ်စေ တွေ့ခဲ့ရသော ဝေါဟာရတစ်ခုပင်တည်း။ အမျိုးသားရေးဝါဒ၏ ကြောက်မက်ဖွယ်ရာကောင်းသည့် အပိုင်းအား ဖော်ပြလိုသောအခါတွင် ယဉ်ကျေးမှုဆိုင်ရာ အမျိုးသားရေးဝါဒ၊ လူမျိုးဆိုင်ရာ အမျိုးသားရေးဝါဒ၊ လစ်ဘရယ်မကျသည့် အမျိုးသားရေးဝါဒဖြင့် ညွှန်းဆိုကာ ပြောဆိုသုံးနှုန်းကြသည်ကို တွေ့ရှိရပေသည်။ လူမျိုးရေး ဘာသာရေးနှင့် စပ်ဆိုင်သော အိုင်ဒီယိုလိုဂျီ အခြေခံလှုပ်ရှားမှုတိုင်းတွင် မိမိနှင့် တူညီမှုမရှိသည့် လူမျိုး နှင့် ဘာသာများကို ဖယ်ကြဉ်ပစ်ရန် ကြိုးစားလေ့ရှိသည်ကို တွေ့ရှိရပေသည်။ ဤကဲ့သို့ ဖယ်ကြဉ်မှု ဖြစ်ပေါ်လာပါက နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု နှင့် စုစည်းညီညွတ်နေမှုသည် ပျက်ပြားသွားနိုင်ပေသည်။ အနည်းစုရှိသည့် လူမျိုးနွယ်စု နှင့် ဘာသာတရား များသည် လုံခြုံအေးချမ်းမှုများ ကွယ်ပျောက်သွား ရသည်ကို တွေ့ရှိရပေသည်။ ပြည်သူလူထု အချင်းချင်းကြားတွင် ရှိအပ်သည့် တစ်ဖက်သော လူမျိုးစု၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းစဉ်လာများ၊ ဘာသာတရားများ နှင့် လူမျိုးနွယ်စု များကို နားလည် သည်းခံပေးနိုင်စွမ်း (Tolerance)ကိုလည်း လျှော့ကျစေသည်ကို တွေ့ရပေသည်။ ယေဘုယျအားဖြင့် လေ့လာကြည့်မယ်ဆိုလျှင် အမျိုးအား စောင့်ရှောက်ခြင်း၊ ဘာသာတရားအား စောင့်ရှောက်ခြင်းတို့သည် လူမျိုးစု တစ်စုအတွက် မဖြစ်မနေ လိုအပ်သော အချက်တစ်ချက်ပင်။ ဤကဲ့သို့ စောင့်ရှောက်ခြင်းသည် အင်အားကြီးသော လှုပ်ရှားမှု ဖြစ်လာလျှင်ကား အမျိုးသားရေးဝါဒ၏ အပျက်သဘောကိုဆောင်သော မျိုးစေ့အား ရေလောင်းပေါင်းသင်သဘော မျိုး သက်ရောက်သွားပေသည်။ 

အစွန်းရောက်အမျိုးသားရေးဝါဒ ဆိုသည် ကောင်းမွန်မြင့်မြတ်သော ဒီမိုကရေစီ နှင့် လူ့အ ခွင့်အရေးစံနှုန်းများကို နိုင်ငံ၏ အမျိုးသားရေး အမှတ်လက္ခဏာ အဖြစ်ထားရှိရန် မကြိုးစားပဲ အား ကြီးသော ယဉ်ကျေးမှု တစ်ခု၊ လူမျိုးတစ်မျိုး၊ ဘာသာရေးတရား တစ်ခုတည်းကိုသာ အခြေခံပြီး နိုင်ငံအား စောင့်ရှောက်ထိန်းသိမ်းသည့် လှုပ် ရှားမှုတိုင်းသည် အစွန်းရောက် အမျိုးသားရေး ဝါဒပင် ဖြစ်နေပေသည်။

ယင်းအစွန်းရောက် အမျိုးသားရေးဝါဒ၏ အတွင်းသဘော သဘာဝတွင်ပင် အဖျက်မျိုးစေ့ ကို သယ်ဆောင်လာသည့် အစွန်းရောက် အမျိုးသားရေးဝါဒဖြစ်သည် ဆိုသည်ကို သတိထားရ ပေမည်။ လူမျိုး စာပေ ဘာသာတို့ကို  ထိန်းသိမ်း စောင့်ရှောက်သည့် လှုပ်ရှားဆောင်ရွက်မှုတိုင်း တွင် အခြားအခြားသော လူမျိုး စာပေ ဘာသာတို့ကို မုန်းတီးပြီး အာဃာတတရားထားခြင်းများ ပြုမူမိခြင်း မရှိစေရန် သတိသမ္ဗတ်ဇဉ်ကြီးစွာ ထားရှိရပေသည်။

အစွန်းရောက်အမျိုးသားရေးဝါဒသည် အဖျက်သဘော လုံးလုံးဆောင်သော အရာတစ်ခု ဖြစ်ကြောင်း ဂဃနဏ သိရှိနားလည်ထားရန် လိုအပ်လှပေသည်။ ဒီမိုကရေစီတန်ဖိုး စံနှုန်းများသို့ ဦးတည်ရန်ဆိုသည့်  အမျိုးသားရေးဆိုင်ရာ အမြင်မဟုတ်ပဲ ယဉ်ကျေးမှု၊ လူမျိုး တစ်မျိုးနှင့် ဘာသာတရား တစ်ခုတည်းအပေါ်ကိုသာ အခြေခံထားသည့် အမျိုးသားရေးလှုပ်ရှားမှုဟူသည် နိုင်ငံတစ်နိုင်ငံအား အစွန်းရောက် အမျိုးသားရေး ဝါဒ တစ်ခုဖြစ်နေခြင်းပင်။ အမျိုးသားရေးဝါဒ အား တစ်နည်းအားဖြင့် ဖက်ဆစ်ဝါဒ (သို့မဟုတ်) လက်ျာအစွန်းရောက်ဝါဒ ဟူ၍လည်း ခေါ်ဆိုကြ သေးသည်ကို တွေ့ရှိရပေသည်။

လူမျိုးတစ်မျိုး (ဝါ) လူအဖွဲ့စည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် မိမိ၏ ကိုယ်ပိုင်သွင် ပြင်လက္ခဏာများကို ချစ်ခင်ပြီး တန်ဖိုးထားခြင်း၊ ရေရှည် တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းစောင့် ရှောက်ခြင်း ဟူသည့် ကောင်းမွန်သည့် စိတ်ဓာတ် မှ မိမိ၏ တန်ဖိုးစံနှုန်း ထွန်းကားရေးအလို့ငှါ ကျန် သော လူမျိုးတစ်မျိုး၊ အဖွဲ့စည်းတစ်ခု၏ တန်ဖိုးစံနှုန်း တစ်ရပ်ရပ်ကား နှိပ်ကွပ်ကာ ချိုးနှိမ်ရမည် ဟူသော အစွန်းရောက်သဘောထားများ ကိန်းအောင်းလာပြီဆိုလျှင် ဤအချက်သည် ဆိုးဝါးပြီး ယုတ်ညံ့သော လက္ခဏာသို့ သက်ရောက်သွားရပေမည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သော ရှေးနှစ် ပေါင်းများစွာ ကတည်းကပင်လျှင် သမိုင်းအစဉ်အလာအရ အခြေတည်ကာ ရပ်တည်လာသော နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ကြွားစွာဖြင့် တည်ရှိသည်မှာ ယခုတိုင်ပင် ဖြစ်သည်။ အမျိုးသားရေးတစ်ခုတွင် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်ခြင်းသည် ကောင်းသောအရာ တစ်ခုဟု ဆိုနိုင်သော်လည်း ယင်းအမျိုးသားရေး စိတ်ဓာတ်သည် အခြားအခြားသော လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ အပေါ်သို့ သွားရောက်ကာ လွှမ်းမိုးခြယ်လှယ်မိပါက အမုန်းတရားများ ထွန်းကားလာလျှင်ကား ကောင်းမွန်သည့် စရိုက်လက္ခဏာ မဟုတ်တော့ပေ။ အမျိုးသားရေးဝါဒ ပြင်းထန်မှု အားကြီးခြင်းကြောင့် မြန်မာ့သမိုင်းကြောင်းတစ်လျှောက် လေ့ လာကြည့်မည်ဆိုပါက ၁၉၃၀ ပြည့်နှစ်တွင် အိန္ဒိယနွယ်ဖွားများ နှင့်  မြန်မာများ အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ ဦးနေဝင်းလက်ထက် ၁၉၆၇ တွင် တရုတ် မြန်မာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပေသည်။

ယနေ့ ဂလိုပယ်လိုက်ဇေးရှင်းခေတ်ကြီးထဲတွင် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ ကိုယ်ပိုင်လက္ခဏာ (Identity)သည် အရေးပါအရာရောက်သေးသည် ဟုဆိုပါသော်လည်း ယင်းကိုယ်ပိုင် လက္ခဏာများ အပေါ်တွင် အသေဆုပ်ကိုင်ထားရှိရန် မလိုအပ်တော့ပေ။ ဆိုလိုသည်မှာ ကိုယ်ပိုင် စရိုက်လက္ခဏာသည် အသေသဘော မဟုတ် တော့ပဲ အခြေအနေတစ်ခု အပေါ်တွင် မူတည်ကာ စဉ်ဆက်မပြတ် ပြောင်းလဲနေခြင်းကြောင့်ပင်တည်း။ နောက်တစ်ချက်အနေဖြင့် ကြည့်မည် ဆိုလျှင် လူမျိုး မတူသူ၊ ဘာသာ မတူသူ၊ ကိုးကွယ်ယုံကြည်မှု မတူသူများ အချင်းချင်းကြားတွင် ကူးလူးဆက်ဆံမှု၊ အိမ်ထောင်ဖက်ပြုမှု၊ ဘာသာတရား ကူးပြောင်းခံယူမှု စသည်တို့သည် ယနေ့ခေတ်တွင် ရှောင်လွဲ၍ မရနိုင်သော ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ထွန်းကားလာခြင်းပင်ဖြစ် ပေသည်။ ဤကိစ္စရပ်များတွင် နိုင်ငံရေး စီးပွားရေး လူမှုရေးများနှင့် ဆက်နွှယ်နေသော အချက်ပင် ဖြစ်ပေသည်။ ပြည်သူလူထု၏ စီပွားရေး ပညာရေး စသော ကဏ္ဍရပ်များတွင်လည်း အ မျိုးသားရေးဝါဒများက  ဆက်နွှယ်ပတ်သက်လာ လျှင် ကျဆုံးခန်းသို့ မလွှဲမသွေ ရောက်ရှိသွားမည် ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးသားရေးဝါဒများ လိုအပ်သည့်နေရာတွင်သာ သုံးစွဲရန် လိုအပ်လှ ပေသည်။ ဒီမိုကရေစီ အခြေခံလာသည်နှင့်အမျှ တရားဥပဒေ စိုးမိုးရေးလည်း ပြည့်စုံလာပြီဆိုလျှင် နိုင်ငံသူနိုင်ငံသားများသည် ရုပ်ပိုင်းဆိုင်ရာ နှင့် အသိပညာပိုင်းဆိုင်ရာများပါ ဖွံ့ဖြိုးလာခဲ့မည်ဆို ပါက အေးချမ်းသာယာသည့် ဘဝဖြင့် နေထိုင်ကာ မိမိတန်ဖိုးထားမြတ်နိုးသည့် အရာများကို လွတ်လပ်ပျော်ရွှင်စွာဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျှက် သူတစ်ပါး၏ အခွင့်အရေးများ မထိခိုက်စေပဲ မိမိ အမျိုးဘာသာ သာသနာ အကျိုးများကို ဆက်လက်ကာကွယ် စောင့်ရှောက် သွားနိုင်မည် ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ယနေ့အလိုအပ်ဆုံးသော အရာသည် လူမျိုးတစ်မျိုး ဘာသာ သာသနာ တစ်ခုတည်းအပေါ် ထားရှိသည့် မျိုးချစ်စိတ်ဓာတ်မျိုး မဟုတ်ပဲ ဤနိုင်ငံအတွင်း မှီတင်းနေ ထိုင်ကြသည့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံအပေါ်လွှမ်းခြုံထားသည့် မျိုးချစ်စိတ်ဓာတ်၊ အမျိုး သားရေး စိတ်ဓာတ်မျိုး ဖြစ်ရန် လိုအပ်လှပေသည်။ ယင်းကျဉ်းမြောင်းသည့် မျိုးချစ်စိတ်ဓာတ် အမြင် မကြည်သည့် အစွန်းရောက် အမျိုးသားရေးဝါဒများကို ဖယ်ရှားတွန်းလှန်ပစ်ရန် လိုအပ်လှပေသည်။ ယင်းကျဉ်းမြောင်းသည့် အယူအဆ၊ အစွန်းရောက် အမျိုးသားရေးဝါဒများအား မိမိတို့၏ စိတ်သဏ္ဍာန်တွင်းမှ ဖယ်ရှားနိုင်ပြီဆိုပါလျှင် ပြည်သူလူထုများ တိုင်းရင်းသားမျိုးနွယ်စု များ တောင့်တမျှော်လင့်လျှက်ရှိသည့် ငြိမ်းချမ်းရေးသည်လည်း မလွဲဧကန် ရယူပိုင်ဆိုင်နိုင်မည် ဖြစ် ပေသည်။

လူမျိုး တစ်မျိုးဖြစ်မှု၏ ကျင့်ဝတ်ဆိုင်ရာပုံစံ၏ အမြင့်ဆုံး ပုံသဏ္ဍန်အဖြစ် ယူဆသူများ ရှိသကဲ့သို့ အခြေခံအဆင့်၌ လူမျိုးတစ်မျိုးဖြစ်မှု ဆိုရာ၌ မည်သည့်အဓိပ္ပါယ်မျှမရှိ ဟုယူဆသူများလည်း ရှိနေပေသေးသည်။ အစွန်းရောက် ကွဲပြားမှုများလည်း ရှိနေရပေသည်။ အစွန်းရောက် ကွဲပြားမှု ဆိုသည်ကား ယဉ်ကျေးမှုဆိုင်ရာ လူမျိုးရေးဝါဒီ(Cultural Nationalist)ဖြစ်ပြီး ယင်းတို့၏ ယဉ်ကျေးမှု ဘဝပုံစံအား ပြန့်ပွား ထွန်းကားစည်ပင် လာစေရန် ခွင့်ပြုရပေမည်။ ယင်းတို့၏ နိုင်ငံ ရေး တောင်းဆိုမှုကို လေ့လာရလျှင် ဤကဲ့သို့ ထွန်းကားစည်ပင်လာစေရန် လုံလောက်မှုရှိသည့် လွတ်လပ်မှုဝန်းကျင် ရရှိရေးပင် ဖြစ်သည်။ အခြား အစွန်းတစ်ဖက်မှာကား နိုင်ငံရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်သည် အချက်အချာကျရာနေရာတွင် ရောက်ရှိနေသော လူမျိုးရေးဝါဒီပင်ဖြစ်သည်။  လူမျိုးဆိုသည်မှာ ယေဘုယျ သဘောဆန္ဒ (General Will)က ကိုယ့်သဘော ကိုယ်ဆောင်၊ သူ့ သဘော သူဆောင်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော အမျိုးသားရေးနယ်နိမိတ် ထိန်းချုပ်ခွင့် ရှိသည့် အယူအဆများကို လက်ခံကြသူများ ဖြစ်ပေသည်။ လူမျိုးရေးဝါဒသည် ရှေးကျသော မျိုးချစ်စိတ် (သို့မဟုတ်) မျိုးချစ်ဝါဒ (Patriotism)ထံမှ အချို့အချို့သော သွင်ပြင်လက္ခဏာများကို ရယူပိုင်ဆိုင်ထားသော်လည်း ကွာခြားချက်များကို သိရှိနားလည်ရန် လိုအပ်လှပေသည်။

လူ့အခွင့်အရေး ဟူသည်ကား မည်သည့် နိုင်ငံသား မည်သည့်လူမျိုးကိုမဆို ဇာတိမရွေး ကိုးကွယ်ရာ ဘာသာ ကျား/မ မဟူ လူဖြစ်လာသည် ဆိုသည်နှင့် ရရှိခံစားအပ်သော ကျင့်ဝတ်အယူ အဆ(Moral Doctrine)ပင် ဖြစ်ပေသည်။ လူ့အခွင့်အရေး အယူအဆတွင် Negative  ဖြစ်စေ၊ Positive ဖြစ်စေ နှစ်မျိုးစလုံး ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရပေမည်။ Negative ဆိုသည်မှာ မလိုလား အပ်သောအရာများ (ဥပမာ- နှိပ်စက်ညှင်းပန်းမှု) မခံစားပဲ နေနိုင်ခွင့် အခွင့်အရေးဖြစ်ရာ ယင်းကို Against ဖြင့်တွဲသုံးရပေသည်။ Rights against Torture အငြင်းသဘောဆောင်သော အခွင့်အရေး ဖြစ်ပေသည်။ Positive သဘော ဆောင်သော အခွင့်အရေးဆိုသည်မှာ လိုလား အပ်သော အရာဝတ္ထုတစ်ခုခု ရရှိပိုင်ဆိုင်ခွင့်မျိုး Right to Education အခွင့်အရေးမျိုးကို ဆို လိုပေသည်။ Negative သဘော  Positive သဘောတို့ဆောင်သည့် အခွင့်အရေးများသည် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အခွင့်အရေးများသည် လူသားအားလုံးနှင့် သက် ဆိုင်သည့် အခွင့်အရေးများ(Universal Rights) ဟူ၍ အသိမှတ်ပြု ခံထားရပေသည်။ ဤအခွင့် အရေးတွင် နိုင်ငံအများစုသည် ဥပဒေအရ အသိအမှတ်ပြုမှု (Legal Recognition) လိုအပ် လျှက်နေသည်ကို တွေ့ရှိနေရပေသည်။

အစွန်းရောက် အမျိုးသားရေးဝါဒသည် အလွန်ပင် ဆွဲအားကောင်းလှသည်ကို တွေ့ရှိရပေသည်။ လူသားများစွာ၏ စိတ်ပိုင်းဆိုင်ရာများအား ညို့ငင်နိုင်စွမ်း ရှိသကဲ့သို့ ယဉ်ကျေးပြီးသော လူသား၏ အတွင်းစိတ်သဏ္ဍန်အတွင်း ငုပ်လျှိုးနေသည့် အရိုင်းဗီဇကိုလည်း ပွင့်ထွက်လာရန်လည်း ပြုကျင့် နိုင်ပေသည်။ ဤကဲ့သို့ ပွင့်ထွက်လာပြီ ဆိုသည်နှင့် မိမိနှင့် မတူကွဲပြား ခြားနားသည့် လူသားများအား လူသားအဖြစ် မမြင်တော့ပဲ လူသားများထက် နိမ့်ကျသူများ ဟူ၍ သက်မှတ် လိုက်ပေသည်။ မိမိနင့် မတူညီသည့် လူသားများ ၏ ရှင်သန်နေထိုင်ခွင့် တိုက်ဖျက်ငြင်းပယ်လို စိတ်များ ပြင်းထန်စွာ ကိန်းအောင်းလာပေတော့သည်။ အစွန်းရောက် အမျိုးသားရေးဝါဒ၏ ထူး ခြားချက်ကား အစပြုမိလျှင် မည်သည့်အကြိမ်အခါမျှ ဆုံးခန်းသို့ မရောက်နိုင်တော့ပေ။ ယင်း အခြေအနေအား ရပ်တံ့သွားစေရန်လည်း  မည်သူမျှ ဖော်ဆောင်နိုင်ခြင်း မရှိတော့ပေ။ တစ်ဆင့်ပြီး တစ်ဆင့် ပိုမိုပြင်းထန်လာသောအခါ ပေါက်ကွဲလာရပေသည်။ ဥပမာ-အနေဖြင့် ရဝမ်ဒါကဲ့သို့ နိုင်ငံတစ်ခုလုံး ကြေမွသွားသကဲ့သို့ ယူဂိုစလားဗီးယားသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲသွား ခဲ့ရပေသည်။

နိုင်ငံအတွင်းတွင် ရှိနေကြသော မတူကွဲပြားသည့် လူ့အဖွဲ့စည်းများပြားလျှင် လွတ်လပ်မှု နှင့် တန်းတူအခွင့်အရေးများကို တည်ဆောက်ပြီး မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်မည် ဟူသည့် အမျိုးသားရေးဝါဒအပေါ် အခြေ မခံပဲ မိမိလူမျိုးသည်သာလျှင် အမြင့်မြတ်ဆုံး ဖြစ်သည်၊ အခြားလူမျိုးများသည် နိမ့်ကျပြီး အဆင့်အတန်းအောက် ရောက်သူများဖြစ်သည်ဟူ၍ အခြေခံလိုက် သည်နှင့် ရက်စက်ကြမ်းကြုတ်သော အဆင့်သို့ ရောက်ရှိလာပေတော့သည်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင် ထင်ရှားသော ဖြစ်ရပ်မှာ ယူဂိုစလားဗီးယား နှင့် ရဝမ်ဒါတွင် လူမျိုးရေး သတ်ဖြစ်မှုများကို တွေ့ရှိခဲ့ရပေသည်။ အမျိုးသားရေးဝါဒသည် ဖိနှိပ်ချုပ်ချယ်မှုအောက် မှ လွတ်မြောက်ရန် ဟူသည့် ကောင်းမွန်မြင့်မြတ်သည့် လွတ်လပ်ခြင်းကို ဖော်ညွန်းသကဲ့သို့ အ ခြားသူများ၏  လိုလားတောင့်တချက်များကိုလည်း တတ်အားသရွေ့ ဖြည့်ဆည်းပေးခြင်းပင် ဖြစ်ပေ သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်တည်တံ့ခိုင်မြဲရေး (ငြိမ်းချမ်းရေး)၊ တရားမျှတရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ ပေါ်ပေါက်ထွန်း လာစေရန် အစွန်းရောက် အမျိုးသားဝါဒအား စွန့်လွတ်ကာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိစေသည့် စစ်မှန်သည့် အမျိုးသားရေးဝါဒကို နှစ် နှစ်ကာကာ ကိုင်စွဲကာ နိုင်ငံတော်အား တည် ဆောက်ကြပါစို့။

 

စိုင်းကျော်မောင်

ရိုးမအသံဂျာနယ် Vol.3, No.1 January 2017

primi sui motori con e-max
You are here: Home သတင်း ဆောင်းပါး အစွန်းရောက် အမျိုးသားရေးဝါဒအား စွန့်ပယ်ကြစို့